Friday 22 February 2013

Time Management: အချိန်ကို စီမံ ခန့်ခွဲခြင်း

Scenario One

ဦးမြမောင် တယောက် အဲကွန်းခန်းထဲများ ချွေးစေးများပြန်နေသည်။  ယနေ့ မဖြစ်မနေ အပြီးသတ်ရမည့် အစီရင်ခံစာ အလုပ်ကြွေး သုံးခုရှိနေသည်။  နောက်နာရီဝက်အတွင်းမှာ အစည်းအဝေးတခု တက်ရန်ရှိနေသည်။ ဖတ်ရမည့်အီးမေးလ်များက အစောင်ရေ ငါးဆယ်ထက် မနည်း။  ဘာကို စလုပ်ရမည်နည်း။ ဝေခွဲမရဘဲ အကြံအိုက် နေစဉ်မှာပင် စားပွဲပေါ်မှ တယ်လီဖုံးက ထမြည်လာသည်။ “ ငါပဲသေလိုက်ပါတော့ကွာ“ ဟု ညည်းတွားပြီး တယ်လီဖုံးကို ကောက်ကိုင်လိုက်လေသည်။ ”  ဗျာ - ထုတ်ကုန်အသစ် ပြချင်လို့ ဟုတ်လား၊ ဒီနှစ်ရက်သုံးရက်တော့ အားဦးမှာမဟုတ်ဘူး ခင်ဗျာ၊  အဆင်ပြေတဲ့အချိန် ပြန်ဆက်လိုက်ပါ့မယ်နော်”  ။ ဖုန်းကို ချလိုက်ပြီးနောက် ခေါင်းထဲက တစစ်စစ်ကိုက်  လာသလို ခံစားနေရလေသည်။

*************
 " တနေ့တနေ့ အလုပ်တွေသာ ပုံပုံလာတယ်။ ပြီးတယ်လို့ကို မရှိဘူး။ ဘယ်လိုဘဲလုပ်လုပ် အချိန်က မလောက်ဘူး”  ဆိုသည့် ညည်းတွားသံများက ရုံးသူရုံးသားတော်တော်များများ၏  မရိုးနိုင်သော လက်သုံးစကား ဖြစ်နေတတ်သည်။  ပိုပိုသာသာဆိုရပါလျှင် ရုံးတိုင်းရုံးတိုင်းမှာပင် ကြားရကောင်း ကြားရဘွယ် ရှိပါသည်။

ဆင်းရဲချမ်းသာ အဖြူအညိုအ၀ါ မရွေးဘဲ မည်သူမဆို မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ အညီအမျှ ပိုင်ဆိုင်သည်မှာ တနေ့လျှင် ၂၄နာရီဆိုသော အချိန် ပင်ဖြစ်သည်။  သို့ရာတွင် တဦးချင်းစီက မိမိအချိန်အပေါ် သတ်မှတ်သည့် တန်ဖိုးနှင့် အသုံးချပုံစံနစ်တို့သာ  ကွာခြားပါသည်။


ပုံကို ဒီက ယူပါတယ်။

သင့်အချိန်ကို ဘယ်လိုစီမံခန့်ခွဲမှု (time management) ထားရှိသလဲ ဆိုသည့်အချက်က သင့်တကိုယ်ရေဘ၀ကိုရော သင့် လုပ်ငန်းခွင်ဘ၀ကိုပါ အကြီးအကျယ် သက်ရောက်မှု ရှိပါသည်။ အချိန် စီမံခန့်ခွဲခြင်းဆိုသည်မှာ မိမိပိုင်ဆိုင်သော အချိန်များကို ရည်ရွယ်ချက်ရောက်အောင် အကျိုးရှိရှိအသုံးချရန် ကြိုးပမ်းအားထုတ်ခြင်းဟု ဆိုပါသည်။ သည်လိုဆိုလျှင် အချိန်ကို အကျိုးရှိအောင် ဘယ်လို စီမံခန့်ခွဲမလဲဟု မေးစရာ ရှိပါသည်။ နည်းလမ်းအသွယ်သွယ်၊ ဖွင့်ဆိုချက်အမျိုးမျိုးအနက်မှ အချို့ကို ကောက်နုတ်တင်ပြလိုပါသည်။


**************
သုတေသနပြုချက်များအရ လူတယောက်သည် ပျမ်းမျှအားဖြင့် တနေ့ နှစ်နာရီခန့် အလဟဿ အချိန်ကို  ပြုန်းတီးစေသည်ဟု ဆိုသည် ( မှတ်ချက်- လူတိုင်း မဟုတ်ပါ)။  ဥပမာအားဖြင့် -  ပစ္စည်းပျောက်ရှာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ တွေဝေငေးငိုင်နေခြင်း၊  မလိုအပ်ဘဲ ဖုန်းအကြာကြီးပြောခြင်း၊ နေ့စဉ်တနေရာမှ တနေရာ ကြာမြင့်စွာ သွားလာရခြင်း- စသဖြင့်)  ယင်းကဲ့သို့ အချိန်ပြန်းတီးခြင်းများကို လျှော့ချ၍ အကျိုးရှိရှိ အချိန်အသုံးချနိုင်အောင် အောက်ပါ အကြံပေးချက်များကို စမ်းသပ်ကြည့်ပါ။

(၁) Planning& Organizing - ကြိုတင်စီမံချက်ချခြင်းနှင့် စုစည်းခြင်းတို့အတွက် အချိန်ပေးပါ။
မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး  စီမံခြင်း၊ စုစည်းခြင်းက သင့်အတွက် အလုပ်တွေကို မြန်ဆန် လွယ်ကူစေဖို့  အများကြီး အထောက်အကူပြုပါလိမ့်မည်။


(၂) Goal - ရည်မှန်းချက်ချပါ။
ကိုယ် ဘာဖြစ်ချင်တာလဲ၊ ဘယ်ဦးတည်ရာ ကိုသွားချင်တာလည်း အရင်သိအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဥပမာ- စီမံကိန်းတခုဆိုလျှင် မျှော်မှန်းရလာဒ်များကို အရင် သတ်မှတ်ဖို့ လိုပါတယ်။


(၃) Priortize- ဦးစားပေးလုပ်ငန်းများ ရွေးချယ်သတ်မှတ်ပါ။
တန်ဖိုးထားသည့်အရာများ၊ အရေးကြီး ကိစ္စများ၊ အကျိုးအမြတ်များသည့်လုပ်ငန်းများကို အဆင့်ခွဲခြား သတ်မှတ်ပါ။

(၄) To-do List -”လုပ်ဆောင်ရန်စာရင်း” တို့ - ထားပါ။
အရေးကြီးကိစ္စနှင့် အရေးပေါ်ကိစ္စကို ခွဲခြားသတ်မှတ်ပါ။ (အရေးကြီး- မကြီး၊ အရေးပေါ်-မပေါ်) စသဖြင့် အတွဲလေးခုခွဲ၍ အမှတ်စဉ်အလိုက် လုပ်ဆောင်ပါ။  လုပ်ဆောင်ပြီးကိစ္စများကို စာရင်းထဲမှ ခြစ်ထုတ်ပါ။ အောက်ပါ ဇယားကို ကြည့်ပါ။ အမှတ်စဉ် (၁)(၂)(၃)(၄) အစဉ်လိုက် လုပ်ဆောင်ရန် ဖြစ်သည်။ Stephen Covey ၏ "First thing, first"  စည်းမျဉ်းမှာ နာမည်ကျော်ပါသည်။
ပုံကို ဒီက ယူပါတယ်။
လူသိများသော သီအိုရီတခုမှာ "Pickle Jar theory"  ဖြစ်ပါတယ်။ ဖန်ရေတကောင်း ထဲကို ကျောက်တုံး၊ ကျောက်စရစ်၊ သဲ၊ ရေတို့ကို ဖြည့်ထည့်ရာမှာ သဲ၊ ရေ၊ ကျောက်စရစ် တို့ကို အရင်ဖြည့်မိရင် ကျောက်တုံးအားလုံးအတွက် နေရာ မကျန်တော့ပါဘူး။ ကျောက်တုံးတွေကို အရင်ထည့်ပြီးမှ  ကျောက်စရစ်၊ သဲ၊ ရေ တို့ကို အစဉ်လိုက် ဖြည့်တဲ့အခါ ရေတကောင်းထဲမှာ အရာအားလုံး ၀င်ဆံ့သွားတာကို လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။  ဆိုလိုချင်တာကတော့ ( အရေးအကြီးဆုံး ကိစ္စများကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် သတ်မှတ်ချိန်အတွင်း ကိစ္စ အားလုံး အောင်မြင် ပြီးမြောက်မယ်) ဆိုတာပဲ ဖြစ်ပါတယ်။  အောက်က လင့်ခ်မှာကြည့်ပါ။
http://www.youtube.com/watch?v=OUZFN7g96BU 


(၅) Be Flexible - ပြုလွယ် ပြင်လွယ် ရှိပါစေ။
အရေးပေါ် ကိစ္စအသေးကလေးများကိုလည်း လိုအပ်သလို ကြားညှပ်လုပ်ဆောင်ပါ။ ( ဥပမာ- ဖုံး)  အရေးကြီးကိစ္စများအတွက် ၁-၂ နာရီ သဖြင့် သီးသန့် သတ်မှတ်လုပ်ဆောင်ပါ။ (လိုအပ်လာလျှင် တံခါးပိတ်ပြီး Do Not Disturb sign ချိတ်ထားပါ) ကိုယ့် မျှော်မှန်းချက်ကို မကြာခဏ ပြန်လည် သုံးသပ်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲပါ။


(၆)  Listen your body- ကိုယ့်ခန္ဒာကိုယ်နဲ့ လိုက်လျောညီထွေရှိစွာ လုပ်ဆောင်ပါ။
Time management ကို  Energy management လို့လည်း ခေါ်ကြသည်။ အရေးကြီးကိစ္စများကို energy အပြည့်ဆုံးအချိန်မှာ လုပ်ဆောင်ပါ။  များသောအားဖြင့် မနက်အစောပိုင်းတွင် energy ပြည့်နေတတ်ကြသော်လည်း ချွင်းချက်အနေဖြင့် ညနေပိုင်း၊ ညပိုင်း အားသန်သူများလည်း ရှိတတ်ပါတယ်။


( ၇) Effectiveness+ Efficiency:  မှန်တာလုပ်၊ မှန်မှန်ကန်ကန်လုပ်ပါ။
လုပ်သင့်တဲ့အလုပ် ( effectiveness ) ကို အရင်ဂရုစိုက်ရွေးချယ်ပါ။  ပြီးတော့မှ လုပ်သင့်တဲ့ နည်းလမ်း ( efficiency ) ကို ချမှတ်လုပ်ဆောင်ပါ။

(၈)  Eliminate - မလိုလားအပ်တဲ့ အရေးပေါ် အရှုပ်ထုပ်တွေ လွှင့်ပစ်ပါ။
အရေးပေါ်ကိစ္စ၊ အရေးကြီးကိစ္စ အသွင်ဆောင်ပြီးရောက်လာတတ်တဲ့ တချို့ အရှုပ်ထုပ်တွေကို လျစ်လျူရှုလိုက်ပါ။          ( Intellectual Ignorance)  တကယ် အရေးကြီးတဲ့ကိစ္စလား အပို အရှူပ်လား ဆိုတာ ခွဲခြားသိမြင် နိုင်တဲ့ ဥာဏ်တော့ လိုတာပေါ့။ အောက်ကလူကို ကိုယ်စားလွှဲရမဲ့ ကိစ္စတွေရှိရင် ယုံယုံကြည်ကြည် လွှဲအပ်လိုက်ပါ။ တချို့ပညာရှင်တွေက သူတို့ကို monkey တွေ လို့ ခေါ်ပါတယ်။ တခါတရံမှာ မသိမသာနဲ့ သူများလက်ထဲက monkey ကို ကိုယ်က ဆွဲယူပွေ့ပိုက်လိုက်တာမျိုး သတိထား ဆင်ခြင်ပါ။  ဥပမာ-  Ann က သူ့ manager Tom ဆီကိုလာပြီး အရောင်းကိုယ်စားလှယ် John ရဲ့ ပြဿနာတချို့ကို တင်ပြတယ်။  Tom က " ok, I will call him" , ဆိုပြီး တာဝန်ယူလိုက်တယ်။  Ann လက်ထဲက monkey က Tomပခုံးပေါ်ရောက်သွားပြီလေ။ အမှန်က Annကို မင်းအနေနဲ့ ဘယ်လို ဖြေရှင်းသင့်တယ်ထင်သလဲ ဆိုပြိး မေးရမှာ၊ လိုအပ်ရင် အကြံဥာဏ်တွေပေးပြီး သူမဖာသာ ဆောင်ရွက်စေရမှာပါ။


(၉) No procrastination - အချိန်ဆွဲနေတာတွေ မလုပ်ပါနဲ့တော့။
တချို့ကိစ္စတွေက ရင်ဆိုင်ဖြေရှင်းဖို့ ခက်ခဲနေတတ်သည်။ ယင်းအလုပ်များကို   ဝေ့ကာပါတ်ကာ   ရှောင်နေမည့်အစား လက်တွေ့ကျကျ ဖြေရှင်းဖို့ လိုပါတယ်။  ဖြေရှင်းဖို့အတွက် အကြံပေး ထားတာ ကတော့ -  (၁) ငါ အချိန်မီပြီးရမယ် ဆိုတဲ့ သံဓိဌာန်နဲ့ ကိုယ့်စိတ်ကို ကိုယ် အောင်နိုင်အောင် တိုက်ယူပါ (၂) deadline သတ်မှတ်ထားပါ၊ အစီအစဉှ်ဆွဲပါ။ (၃)  အလုပ်ကြီးရင် သေးသေးကလေးတွေ ပိုင်းလိုက်ပါ။ (၄) ပျော်စရာကောင်းတဲ့ နည်းလမ်းတွေ ရှာကြံပြီး လုပ်ပါ  (၄) တဆင့်ချင်းပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် ( တနည်းနည်းနဲ့) ဆုချပါ။  (၅) ကိုယ်နဲ့ ရင်းနှီးပါတ်သက်သူများကို အလုပ်ကိစ္စ သတိပေးခိုင်းပါ (၆) အချိန်ဖြုန်းတဲ့ ကိစ္စတွေ တတ်နိုင်သမျှ ရှောင်ပါ။

ဒီနေရာမှာ Swiss Cheese Approach ကို မိတ်ဆက်ချင်ပါတယ်။  အချိန်ယူပြီး လုပ်ဆောင်ရမဲ့ ကိစ္စ ကြီးကြီးတွေကိုတော့ နည်းနည်းချင်း ဖဲ့ပြီး လုပ်ဆောင်ပါ။ (ဥပမာ- တနေ့ ဆယ်မိနစ်စီ ကျောင်းကိုစောသွားပြီး သူငယ်ချင်းတွေမလာခင်   Research Paper အကြောင်း စဉ်းစားတာမျိုး၊)


(၁၀) Not be Perfectionist-  စင်းလုံးချော ဖြစ်လိုတဲ့စိတ်ကို လျှော့ပါ။
က-ကြီးမှ အ- အထိ အကောင်းဆုံး ဖြစ်ချင်စိတ်၊ ရှိသမျှအလုပ်ကို တယောက်ထဲနဲ့ အားလုံး အကောင်းဆုံး ဖြစ်လိုသော ဆန္ဒ မထားရပါ။  ကိုယ်ပိုင်ဆိုင်တဲ့ အချိန် ၂၀ရာနှုန်းကိုသုံးပြီး ရလာဒ်အားလုံးရဲ့ ၈၀ရာနှုန်းလောက် ပြီးမြောက်အောင် လုပ်နိုင်ရင်  အိုကေ ပါတယ်တဲ့။ အဲဒီလို ဖြစ်မဖြစ် သုံးသပ်ချက်ကို  Pareto Analysis လို့ ခေါ်ပါတယ်။

(၁၁)  Say " No" ဟင့်အင်း- လို့ပြောပါ။
ကိုယ် မတတ်နိုင်တဲ့ကိစ္စ၊ မသက်ဆိုင်တဲ့ ကိစ္စတွေကို အားနာပါးနာ လက်ခံလိုက်မဲ့အစား အကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့ ငြင်းဆန်တတ်ဖို့ လေ့ကျင့်ပါ။ ဥပမာ ကိုယ်အလုပ်များနေတုန်း သူငယ်ချင်းဆီက ဖုန်းလာတာပဲဖြစ်ဖြစ်၊  g-talk ကနေ စကားပြောလာရင်ပဲဖြစ်ဖြစ် အားနာပါးနာ အချိန်မဖြုန်းပဲ  နောက်တော့မှ ပြန်ခေါ်မဲ့အကြောင်း ချိုချိုသာသာ ပြောပြနိုင်ပါတယ်။

(၁၂)  Relax, Enjoy  -  အနားယူပါ၊ အားဖြည့်ပါ။
အားကုန်သွားတဲ့အထိ ဆက်တိုက် အပင်ပန်းမခံပါနဲ့။ အလုပ်တခုနဲ့ တခုအကြားမှာ ဖြစ်စေ၊  အချိန်နည်းနည်းရတာနဲ့  အနားဖြေပြီး အားအင်တွေ ပြန်ပြည့်ပါစေ။ အရေးကြီးတဲ့ အလုပ် တခု အောင်မြင်ပြီးဆုံးတိုင်း ကိုယ့်ကိုယ်ကို ”ဆုချ” သည့် အပြုအမူမျိုးလုပ်ပါ။ ( ဥပမာ - ကိုယ်ကြိုက်တဲ့ သီချင်းတပုဒ် နားထောင်လိုက်တာမျိုး)
*******************
တခြား  အချိန်ကုန်သက်သာတဲ့ နည်းတွေကတော့ ကားစီးရင်း  ကျောင်းသင်ခန်းစာများ  podcast များ ကို နားကြပ်ဖြင့် နားထောင်ခြင်း၊ သွားရင်းလာရင်း အလုပ်အကျောင်း စာအကြောင်း ဆွေးနွေးခြင်း၊ သွားလေရာ မှတ်စုစာအုပ်တအုပ်ဆောင်ပြီး ရုတ်တရက်ပေါ်လယတဲ့ အကြံကောင်းတွေ ချရေးခြင်း၊ ဖုန်းနံပါတ် များကို စံနစ်တကျ ဖိုင်ပြုစုထားခြင်း၊ အရေးကြီး ဖိုင်များကို အရောင်ခွဲပြီး စီစဉ်ထားရှိခြင်း၊ စသဖြင့် ဥာဏ်ရှိသလို တီထွင် အသုံးပြု နိုင်ပါတယ်။  ဥပမာ- မျက်နှာသစ်နေတုန်း ၊ ရေနွေးကြိုပြီး၊ ရေချိုးနေတုန်း ထမင်းအိုးတည်ထားတာမျိုး multi-tasking လည်း လုပ်နိုင်ပါတယ်။
**************** 
Scenario Two

ဦးမြမောင် တယောက်  ရုံးခန်းထဲကို သွက်သွက်လက်လက်ဝင်လာပြီး ကုလားထိုင်မှာ အလိုက်သင့် ထိုင်လိုက်သည်။  ကွန်ပြူတာကို ဖွင့်လိုက်ပြီး တဆက်တည်း လက်ဆွဲအိတ်ထဲမှ Planner မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။  ဒီနေ့လုပ်ရမည့် အလုပ်စာရင်းကို နံပါတ်စဉ်တပ်လိုက်သည်။  တချို့အလုပ်ကို ”လက်ထောက်မှ အစီရင်ခံစာအကြမ်းပြင်ဆင်ရန်” စသဖြင့်  မှတ်ချက် တို့သည်။  အစည်းအဝေးသွားရန် လိုအပ်သည့် စာရွက်စာတမ်းများကို လက်ဆွဲအိတ်ထဲထည့်သည်။ အစည်းအဝေးမသွားမီ နာရီဝက် အချိန်ရသဖြင့် အီးမေးလ်ခေါင်းစဉ်များကို အမြန် ဖတ်ကာ လတ်တလော မဖြစ်မနေ ပြန်ရမည့် စာ သုံးစောင်နှင့် လက်အောက်ဝန်ထမ်း များကို တာဝန်ဆက်ပေးရမည့် စာ ငါးစောင်တို့ကို ချက်ခြင်းဆောင်ရွက်လိုက်သည်။ သိရုံသာသိသင့်သည့် စာများနှင့် အချိန်ယူပြီး ပြန်ရမည့် စာများကို ခဏ သိမ်းထားလိုက်သည်။  လက်ထောက်ကို ခေါ်ပြီး အကြမ်းပြင်ဆင်ရမည့် အစီအရင်ခံစာ၏ အဓိက အချက်များကို ရှင်းပြပြီး သူအစည်းအဝေးမှ ပြန်လညမည့် နေ့လည် ၁၂ နာရီ တွင်ပြန်တင်ပြရန်  ပြောသည်။  တယ်လီဖုံးမြည်လာသည် ” အမိန့်ရှိပါခင်ဗျာ၊  ဟုတ်ကဲ့- ဟုတ်ကဲ့ ကောင်းပါပြီ၊  တွေ့ဆုံချိန် နာရီဝက်လောက်ကြာမယ် ဆိုရင်  ဒီနေ့ညနေ လေးနာရီခွဲလောက် အားပါတယ်ခင်ဗျာ၊ ခင်ဗျားတို့ ထုတ်ကုန်အသစ်ကို စိတ်ဝင်စားပါတယ်။ လာခဲ့ပါနော်”  တယ်လီဖုံးကို ချပြီးနောက် အစည်းအဝေးခန်းသို့ တက်ကြွစွာပင် ထွက်လာခဲ့တော့သည်။

**************** 
အချိန်စီမံခန့်ခွဲမှုဟာ ၀န်ထမ်းလောကမှာ လူပြောသူပြော များသလောက် လူတွေကြားမှာ အထင်မှား အမြင်မှားလေးတွေလည်း အများအပြားရှိပါတယ်။ ဥပမာ -  ”ငါဘယ်လောက်လုပ်လုပ် ဒီအလုပ်တွေ အားလုံး အချိန်မီ ပြီးမှာ မဟုတ်ပါဘူး”  “ စိတ်ပူပန်ရတဲ့ ဖိအားလေးရှိမှ အလုပ်လုပ်ရတာ ပိုအဆင်ပြေတယ်၊ စီမံခန့်ခွဲ မနေတော့ပါဘူး”  “ ကျောင်းတက်တုန်းကလည်း ဘာစီမံခန့်ခွဲမှုမှမရှိပဲ အောင်မှတ်ကောင်းခဲ့တာဘဲ။ အလုပ်ထဲမှာလည်း ထူးထူးထွေထွေ လိုမယ် မထင်ပါဘူး”   “ time management  တွေ စဉ်းစားပြီးလုပ်နေရင် အလုပ်လုပ်နေရတာ အခုလောက် ပျော်စရာ ကောင်းတော့မှာ မဟုတ်ဘူး” စတာတွေဘဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်  အထင်မှား အမြင်မှားတွေဖယ်ခွာပြီး အလုပ်ခွင်မှာ မိမိအချိန်ကို အကောင်းဆုံး စီမံခန့်ခွဲပြီး ရလာဒ်ကောင်းတွေ ဆောင်ကျဉ်းနိုင်တဲ့ မန်နေဂျာကောင်းတွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မမိုးပွင့်





ရည်ညွှန်း-

 http://www. scholarship-position.com
www.clt.astate.edu
www.wilkes.k12.nc.us/cte/doc/Teacher
"First thing, first, Stephen Covey 

No comments:

Post a Comment